လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနိုင်ရေးအတွက် စာသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် မရောင်းချရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၉ နာရီခန့်က အမှတ်(၂၀)ရပ်ကွက် လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရာတွင် အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် မရောင်းချရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်၊ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အိမ်အပြင်သို့ မထွက်ကြရန် ရပ်ကွက်နေပြည်သူများအနေဖြင့် အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေတပ်ဆင်ရန်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြ ရန်၊ လက်များကို မကြာခဏ စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)