ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကလိန်အောင် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား မိဘများမှစုပေါင်း၍ အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ဝါဆို င်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပကြသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက်မှ ဆရာတော်အရှင်သုစိတ္တနှင့် ပင့်သံဃာတော်(၄)ပါး၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုပြီး သဒ္ဓမ္မရံသီအောင် တော်မှုဝတ်ပြုကျောင်းတိုက် ဆရာတော်အရှင်သုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက် ဆရာတော်အရှင်သုစိတ္တထံမှ ရေစက်ချအနုမောဒနတရား နာယူကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပြီးနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ကျောင်းသား၊ ကျောင်းသူများမှ ဆွမ်းခြောက်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

ခင်ခင်လဲ့