မိုင်းကိုင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်

မိုင်းကိုင် ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အ.ထ.က(မိုင်းကိုင်) စာစစ်ဌာနမှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မနက်  ၁၀  နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကို၊ မြို့မိမြို့ဖ ဦးစိုင်းမီတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။

ဆုပေးပွဲအခမ်းအနားတွင်  သုံးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်  ၆ ဦး တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးအောင်မြတ်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များကလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ၃၁ ဦးတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များကလည်းကောင်း၊ ဘာသာရပ်ထူးချွန်စွာ အောင်မြင်ရေး သင်ကြားပေးသည့်ဘာသာပြ ဆရာမ(၆)ဦး၊ အ.ထ.က(မိုင်းကိုင်)၊ အ.ထ.က−ခွဲ(မိုင်းကိုင်)၊ အ.ထ.က−ခွဲ(တုံလော) ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများကို မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်ဇာခြည်ဖြိုးနှင့် တာဝန်ရှိသူများက လည်းကောင်းဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ သည်။

အဆိုပါဆုပေးပွဲအခမ်းအနားတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(မိုင်းကိုင်) စာစစ်ဌာနမှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၄၂ ဦးနှင့် ဘာသာရပ်ထူးချွန်စွာ အောင်မြင်ရေးသင်ကြားပေးသော ဘာသာပြဆရာမ  ၆ ဦး တို့အား ဆုချီးမြှင့်ငွေတန်ဖိုးစုစုပေါင်း ကျပ် ၂၄ သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)