လှိုင်းဘွဲ၊ စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ အောင်သစ်၏ အနာဂတ်လူငယ်နှင့် နည်းဗျူဟာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (Book Club)အဖွဲ့ဝင် ဦးလင်းခိုင်က အနာဂတ်လူငယ်နှင့်နည်းဗျူဟာစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများ၊ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စောဆန်းကိုကိုက သင့်အချိန်တွေကို အကောင်းဆုံးအသုံးချပါ၊ ရဲရဲတွေး ရဲရဲလုပ် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက အသီးသီးပြန်လည်ဆွေနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က လူငယ်များအနေဖြင့် စာပေကို လေ့လာလိုက်စားသင့်ကြောင်း လူငယ်များ စာဖတ်ဝါသနာ ထက်သန်လာစေရန်နှင့် စိတ်ဓါတ်ရင့်ကျက်မှုရရှိအောင် စာများများဖတ်ရန် လိုအပ်ကြောင်း စာပေချစ်မြတ်နိုးသူများ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိပြီး စာပေမှရရှိသည့် အသိပညာဗဟုသုတများဖြင့် အမှား/အမှန်ကို ခွဲခြားတတ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)