မြစ်ကြီးနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်‌ပေါ်စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား   စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၅)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနော်ရွှေပြည်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက မိမိတို့မြို့နယ်အတွင်း ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာပူးပေါင်း ဆောင်ရွက်မှု အားနည်းနေပါကြောင်း၊ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် စျေးများ၊ လူစည်ကားရာနေရာများနှင့် နှာခေါင်းစည်းများ တပ်ဆင်ရေးအတွက် အသိပညာပေး ဆောင်ရွက်သွားရန်၊ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ‌ ရောင်းချနိုင်ရေးဆောင်ရွက်သွားရန်၊ အထူးသဖြင့် ပျံကျစျေးများတွင် စျေးရောင်း/စျေးဝယ်သူများ စည်းကမ်းလိုက်နာမှုရှိစေရေး စျေးသာယာရေးကော်မတီဝင်များမှ အသိပညာပေး ဆောင်ရွက်သွားရန်၊ ကားဂိတ်၊ ရထားဘူတာရုံ၊ လေဆိပ် စသည့် နေရာများတွင် ခရီးသွားပြည်သူများ၏ အဝင်/အထွက် စာရင်းများ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် စည်းကမ်းချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိန်ဝင်း(ပြန်/ဆက်)