ကျောက်ပန်းတောင်း ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (VDP) စီမံကိန်းရေးဆွဲနည်း-နှစ်စဉ်ရန်ပုံငွေသုံးစွဲမှု အစီအစဉ် (AVIP) သင်တန်းဖွင့်ပွဲကို၊ ယမန်နေ့ နံနက်(၉)နာရီက အဆိုပါရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ဆောင်ရွက်နေသည့် ကျေးရွာများရှိ စီမံကိန်းကော်မတီဝင်များအနက်မှ လက်ရွေးစဉ်များ ရွေးထုတ်ခေါ်ယူထားခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ကျေးရွာအဆင့်ခေါင်းဆောင်မှု၊ ကျေးလက်ဥပဒေနှင့်ကျေးရွာအမှိုက်စွန့်ပစ်စီမံချက် အစရှိသည်တို့ကို၊ သေသေချာချာလေ့လာမှတ်သားကြစေလိုကြောင်းနှင့် မိမိတို့ကျေးရွာများသို့ရောက်ရှိပြီး၊ ဆောင်ရွက်သွားမည့်ကျေးရွာစီမံကိန်းများနှင့် လုပ်ငန်း ခွင်များတွင် လက်တွေ့အသုံးချသွားကြစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းတွင် သင်ကြားပို့ချသွားမည့် သင်ခန်းစာများနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများ၊ သင်တန်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို တိကျစွာလိုက်နာကြရေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ ကျေးရွာအလိုက်လိုအပ်သည်များကို တင်ပြကြရာ၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း၍ ခေတ္တနားချိန်ပေးပြီးနောက် သတ်မှတ်အချိန်တွင် သင်တန်းစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် ကျေးရွာအဆင့်ခေါင်းဆောင်မှု၊ ကျေးလက်ဥပဒေနှင့် ကျေးရွာအမှိုက် စွန့်ပစ်စီမံချက်စသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း၊ ဦးစီးအရာရှိ ဦးတင်ကိုလတ်နှင့် ဝန်ထမ်းများ၊ (VDP)စီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာ(၁၅)ရွာမှ တစ်ရွာလျှင် (၂) ဦးနှုန်းဖြင့် စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ (၅.၇.၂၀၂၂)ရက်နေ့မှ (၉.၇.၂၀၂၂)ရက်နေ့ အထိ (၅)ရက်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)