တာမွေမြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တာမွေ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို တာမွေကြီး()ရပ်ကွက်ရှိ တာမွေဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

"ယခင်က ကလေးတွေကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုင်းမှာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးအထိ သွားရောက်ထိုးနှံကြရပါတယ်။ ယခုလို ရပ်ကွက်များအတွင်း ကွင်းဆင်းပြီး ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးတဲ့အတွက် သွားရေးလာရေး အဆင်ပြေတာကြောင့် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို ကျေးဇူးအထူးပင်တင်ရှိပါတယ် " ဟု ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကလေးမိဘတစ်ဦးက ဆိုသည်။

ထိုသို့ ရပ်ကွက်များအတွင်း ကွင်းဆင်း၍ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် အသည်းရောင်အသားဝါ(ဘီ) ဘီစီဂျီ၊ ဆုံဆို့၊ ကြည်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ပိုလီယို၊ ဂျပန်ဦးနှောက် ရောင်၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း စသည်ဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်