ပင်းတယမြို့နယ်ထွက် ကြက်သွန်ဖြူများ စျေးကောင်းရရှိ၊ အပင်ဖြတ်/ညှပ် လုပ်ငန်း မိသားစု အပိုဝင်ငွေရ

ပင်းတယ ဇူလိုင် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာတွင်  ကြက်သွန်ဖြူများလှိုင်လှိုင် ထွက်ရှိပြီဖြစ်၍ ကြက်သွန်ဖြူပင်များ စျေးကွက်ဝင် ဖြန့်ဖြူးနိုင်ရန် အပင်ဖြတ်/ညှပ် သန့်စင်ခြင်းလုပ်ငန်းတွင် မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေရရှိ နေလျက်ရှိသည်။

ပင်းတယမြို့နယ်၊ လယ်ပြင်၊  တံတားကြီး၊ ရွှေပုထိုး၊ ကျောက်စု၊ ကိုးလုံး၊ မိုင်းအင် စသည့် ကျေးရွာများနှင့်  အခြားကျေးရွာများတွင် ကြက်သွန်ဖြူ ဧကအများစိုက်ပျိုးထားရှိပြီး၊ ယခုအခါ စျေးကွက်အတွင်း ဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိသည်။ ကြက်သွန်ဖြူများ ယခုအခါ စျေးကောင်းရရှိနေသဖြင့် အပင်ဖြတ်/ညှပ် သန့်စင်အိမ်တွင်းမှုလုပ်ငန်း၌ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ကြက်သွန်ဖြူဥအပင်များ  ဖြတ်/ညှပ် သန့်စင်ရာတွင် ပြည် ၄၀ ဝင် အိတ်တစ်အိတ်ပြီးပါက လုပ်အားခ(၁၀၀၀)ကျပ်ရရှိကြောင်း၊ တစ်နေ့ကုန်လျှင် ခလေးတစ်ဦး ၅ အိတ်ခန့်၊ လူကြီးတစ်ဦး ၈ အိတ်မှ ၁၀အိတ်ခန့်ပြီးစီးကြောင်း၊ မိသားစုဝင်ငွေ ၅၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိရရှိကာ၊ အပိုဝင်ငွေရရှိကြောင်း လယ်ပြင်ကျေးရွာမှ ကြက်သွန်ဖြူအပင်ဖြတ်/ ညှပ် သန့်စင်တစ်ဦးထံမှ သိရသည်။

ကြက်သွန်ဖြူများစိုက်ပျိုးရာတွင် စိုက်ပျိုးပြီး ခြောက်လခန့်တွင် တူးဖော်ရောင်းချနိုင်ပြီး၊ ယခင်နှစ်က တစ်ပိသာ (၂၀၀၀) ကျပ်နှုန်းရှိပြီး၊ ယခုနှစ်တွင် ကြက်သွန်ဖြူ လက်ရှိပွဲရုံစျေး တစ်ပိသာလျှင်  (၄၀၀၀) ကျပ်ရှိကာ၊ စျေးကွက်အတွင်း ကြက်သွန်ဖြူဥ အရွယ်အစားပေါ်မူတည်၍ ၁ ပိသာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ စျေးပေါက်နေကြောင်း ကြက်သွန်ဖြူသုံးစွဲသူများထံမှ သိရသည်။

ကြက်သွန်ဖြူများစိုက်ပျိုးရာတွင် ကြက်သွန်ဖြူအတက်များ နွှာပြီးတစ်ပိသာစိုက်ပျိုးလျှင် အချိန် (၁၀) ခန့်ပြန်ရကြောင်းနှင့် ပင်းတယ ဒေသထွက် ကြက်သွန်ဖြူများအား ကျိုင်းတုံ၊ တာချီလိတ်၊ ရန်ကုန်စသည့် မြို့ကြီးများရှိ ပွဲရုံများသို့ ဖောက်သည်တင်ပို့ရောင်းချလျက် ရှိကြောင်းနှင့်၊ ကြက်သွန်ဖြူ စိုက်ပျိုးတောင်သူများအနေဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)