ဒဂုံ စက်တင်ဘာ ၉
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်း အနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အတွင်းဆိုင်ထိုင်စနစ်ဖြင့်ရောင်းချလျက်ရှိသောလက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များအား ၂၀၂၀ပြည့်နှစ် စက်တင်ဘာ၈ရက်နေ့မှစတင်ကာ နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက် ရောင်းချခွင့်အား ခွင့်ပြုမည် မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြောင်း သိရသည်။
ယင်းသို့နှိုးဆော်ပေးခြင်းသည် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်ထိန်းချုပ် နိုင်မည်ဖြစ်ပြီး လူစုလူဝေးဖြစ်ပေါ်မှုမရှိစေရန်နှင့် ရောဂါကူးစက်မှုရှောင်ရှားနိုင်ကြရန်အတွက် ဆောင်ရွက် ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအသိပေးကြေညာချက်အား မြို့နယ်အတွင်းတည်ခင်း ရောင်းချ လျက်ရှိသော ဈေးဆိုင်များအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်ပူးပေါင်း ကူညီကြစေ လိုကြောင်းကို အသိ ပေးနှိုးဆော်ထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)