မလှိုင် ၊ စက်တင်ဘာ ၉
၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းဝေးပွဲကိုယမန်နေ့က မလှိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါညှိနှိုင်းအစည်းဝေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင်က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်တီ၏ကျင့်ဝတ်နှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံရေးပါတီများ လိုက်နာရမည့်စည်းကမ်းချက်များ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၏ သိလိုသည့်မေးမြန်းချက်များကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အစည်းဝေးသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မှ ဩဇာတိက္ကမရှိသူမြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှပါတီကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)