နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

လယ်ဝေး ​ဇွန် ၂၈

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယမန်နေ့နံက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ကမ်းပါးနီ ကြံသီးနှံမျိုးသန့်ခြံတွင် မြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူ များနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကြံစိုက်တောင်သူများနှင့် တွေ့ဆုံရာတွင် ဒေသဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်စေရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ ကြံနှင့်အခြားသီးနှံများမှ ထွက်ကုန်များဖြင့် သဘာဝမြေဩဇာအပါအဝင် အခြားလူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် ထုတ်ကုန်များဖန်တီးထုတ်လုပ်နိုင်ရေး၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးမှသည် မိသားစုအားထားနိုင်သည့် လုပ်ငန်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ရေး စသည်ဖြင့် ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ ကြံသီးနှံမျိုးသန့်ခြံမှ ကမ်းပါးနီတာဝန်ခံ ဦးမောင်မောင်လွင်က ကြံသီးနှံမျိုးသန့်ခြံ(ကမ်းပါးနီ)၏ လုပ်ငန်းဆောင်ရွက်များဖြစ်သည့် ကြံသီးနှံစိုက်ပျိုးထားရှိမှု၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးနိုင်မှု၊ နည်းပညာဆောင်ရွက်နိုင်မှု စသည်တို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သကြားထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးသူက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင် ဦးဝင်းအောင်တို့က ကြံစိုက်တောင်သူများအား အထွက်နှုန်းတိုးတက်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့်နည်းပညာများအား စနစ်တကျ လိုက်နာဆောင်ရွက်စေရေးအတွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကြံစိုက်တောင်သူများက စိုက်ပျိုးစရိတ်ချေးငွေနှင့်သွင်းအားစု ဓာတ်မြေဩဇာများပံ့ပိုးရောင်းချပေးနိုင်ရေး၊ ကြံစိုက်ပျိုး စရိတ်အား အခြားဆီထွက်သီးနှံများအတိုင်း တန်းတူထုတ်ချေးပေးနိုင်ရေး၊ ကြံစိုက်တောင်သူများအား အထွက်ကောင်းကြံမျိုးများကို စက်ရုံမှတဆင့် ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ရေး၊ ကြံခုတ်ရာသီတွင်ကြံများ ဈေးကောင်းရရှိရေးတို့ကိုလည်းကောင်း မူလတန်းလွန်ကျောင်း ဆရာ၊ဆရာမ လိုအပ်ချက်များနှင့် ခြံစည်းရိုးရရှိရေး၊ ကုန်ထုတ်လမ်းကောင်းမွန်စေရေး၊စိုက်ပျိုးရေရရှိရေး၊ ရေဆိုးထုတ်မြောင်းဖောက်လုပ်ရေး စသည့်လိုအပ်ချက်များကိုတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး၍ ပြန်လည်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများသည် ကြံသီးနှံမျိုးသန့်ခြံ(ကမ်းပါးနီ) ကြံမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ခင်းအား ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)