တာမွေ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် (Mobile Market) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်အတွင်း (Mobile Market) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ (Mobile Market) ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးရာတွင် ဧည့်မထဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၅၀၀၀/-)နှုန်းဖြင့် ဆန်အိတ်ပေါင်း (၄၂)အိတ်နှင့် ပေါ်ဆန်းမွှေးဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၈၅၀၀/-) နှုန်းဖြင့် ဆန်အိတ်ပေါင်း (၅၃)အိတ်အား လည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သား (၁)ဗူးကို ငွေကျပ် (၂၉၀၀/-) နှုန်းဖြင့် ဆီဗူး(၂၅၀)ဗူးကိုလည်းကောင်း၊ ကြက်ဥ (၁၀)လုံပါ တစ်ကတ်လျှင် ငွေကျပ် (၁၇၀၀/-)နှုန်းဖြင့် ကြက်ဥကတ်ပေါင်း (၅၀)ကတ်ကိုလည်းကောင်း ဒေသခံပြည်သူများအား အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
"အခုလို ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းတွေကို စျေးနှုန်းသက်သက်သာသာနဲ့ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးတာဟာ ကျွန်မတို့ ပြည်သူတွေအတွက် အချိန်ကုန်လည်းသက်သာသလို၊ ငွေကြေးကုန်ကျစရိတ်လည်း သက်သာပါတယ်။ အခုလို လာရောက်ရောင်းချပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)