ပြင်ဦးလွင် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ အုပ်ချုပ်သူများနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဘော်လီဘောဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားဘော်လီဘောပြိုင်ပွဲနောက်ဆုံးနေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုအနေဖြင့် သရက်ပင်အင်းကျေးရွာအသင်းနှင့် ကျွဲနွားထောက်ကျေးရွာအသင်းတို့မှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကာ ပထမဆုကို ကျွဲနွားထောက်ကျေးရွာအသင်းက လည်းကောင်း၊ ဒုတိယဆုကို သရက်ပင်အင်း ကျေးရွာအသင်းကလည်းကောင်း၊ တတိယပူးဆွဲဆုကို ပင်တီးကျေးရွာအသင်းနှင့် အောင်ချမ်းသာကျေးရွာအသင်းတို့ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးသောင်းမြင့်သိန်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုဆွဲပြားများ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၄)သင်းက (၂၃-၆-၂၀၂၂)ရက်နေ့မှ (၂၅-၆-၂၀၂၂)ရက်နေ့အထိ သုံးရက်ကြာ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖြူလူသစ်