မိုင်းငေါ့ ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက စာသင်ကျောင်းများနှင့် လူစည်ကားသည့် နေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်းပါး၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည့်မိန့်ခွန်း ၊အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်နှင့် နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာနှင့် ဆောင်ပုဒ်များ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံနှင့် အသိပညာပေးကာတွန်းစသည့် ဗဟုသုတ အကြောင်းအရာတို့ကို ထုတ်နှုတ်ဖော်ပြ ထားပြီး ပြည်သူများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးကြောင့် လမ်းမှားမရောက်ရှိစေရေးရည်ရွယ်ကာ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)