ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ရွာတွင် တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုး

ပုဗ္ဗသီရိ  ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ရွာရှိ တောင်သူဦးဝင်းကို၏  လယ်ယာမြေတစ်ဧကတွင် ယနေ့ နံနက်ပိုင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းနှင့် ဝန်ထမ်းများ၊  အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့် ကျေးရွာပြည်သူများက တက်ရောက်ပါဝင် စိုက်ပျိုးပေးခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်းက ဒေသခံတောင်သူများအား နွေရာသီအစာရှာပါးသည့်အချိန်တွင် ကျွဲ၊နွား၊ တိရိစ္ဆာန်များ အစာအဟာရ လုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေးနိုင်စေရန်၊ အစာအတွက် ကုန်ကျစရိတ်သက်သာပြီး မွေးမြူထုတ်လုပ်မှုတန်ဖိုး မြင့်မားလာကာ အမြတ်အစွန်းပိုမိုရရှိနိုင်ကြောင်း၊ ပိုလျှံသောမြက်များကို အစာချဉ်ဖတ်ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်ကြောင်း၊ ကုန်ကျစရိတ် လျှော့ချနိုင်ခြင်းကြောင့် မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပညာပေးဆွေးနွေး ခဲ့ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)