ဝမ်းတွင်း ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်အတွက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာများတွင် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိပြီး သွေးလွန်တုပ်ကွေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်းများ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လေ့ကျင့်ပညာပေးရာတွင် ရေစည်ရေအိုးများကို ခြင်မဝင်အောင် ဖုံးအုပ်ပါ၊ ရေစည်ရေအိုးအတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောသွန်ပစ်ပါ၊ ညောင်ရေအိုး၊ ဘုရားပန်းအိုးများကို တစ်ပတ်တစ်ကြိမ် ဆေးကြော၍ ရေလဲပါ၊ ရေစည်ရေအိုးထဲရှိ ပိုးလောက်လမ်းများကို ရေစစ်ဖြင့်ခပ်ပစ်ပါ အစရှိသည်များကို ဆွေးနွေးခဲ့ပြီး သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများနှင့် သွေးလွန်တုပ်ကွေးရောဂါ သိကောင်းစရာများကို ရှင်းလင်းခဲ့ကြောင်းသိရသည်။
ထို့နောက် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် Abate ဆေးခပ်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ မီးသတ်စခန်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)