မိတ္ထီလာ ဇွန် ၂၄
မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဒုတိယရဲမှုးကြီးတင်ထွန်း(ငြိမ်း)က မူးယစ်ဆေးစွဲလောကသို့ ဝင်ပေါက်တံခါးများ(သို့) အနီးကပ်ရန်သူအကြောင်းဟောပြောခဲ့ပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်သန်းက မူးယစ်ဆေးဝါး မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပုံကို ဟောပြောခဲ့ပြီး မိတ္ထီလာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကဗျာများရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် အမှတ်(၉၆)ယာဉ် ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ရဲအုပ်အောင်ဇော်ထွန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း ကိုဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဒုတိယရဲမှုးကြီးတင်ထွန်း(ငြိမ်း)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မြင့်သန်း၊ အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ရဲအုပ်အောင်ဇော်ထွန်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်နှင့် ဆရာဆရာမများ၊ ကျောင်း သားကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)