ပန်လုံမြို့၌ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ကွင်းဆင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပန်လုံ ဇွန်၂၄

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟိုပန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာပြည့်ကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း(၁၇)ဦးတို့သည် ပန်လုံမြို့ရှိ ပြည်သူများအား ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက်ဦးတည်၍ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို အိမ်တိုင်ရာရောက် ကွင်းဆင်းကုသဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အမှတ်(၈)ရပ်ကွက်ရှိ မိသားစုလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရသည့် နေအိမ်(၂)အိမ်သို့ သွားရောက် ၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ အခြားကျန်းမာရေးချို့တဲ့နေသူများကို ပန်လုံတိုက်နယ် ဆေးရုံတွင် ဆေးကုသပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များကို ကလိုရင်းဆေးမှုန့်ခပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ မိုးရာသီကာလ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေး၏ အဓိကအချက်ဖြစ်သည့် ယင်လုံရေအိမ်သုံးစွဲရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေဆိုးမြောင်းများ သန့်ရှင်းရေးတို့ကိုဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး အမှတ်(၈)ရပ်ကွက်အတွင်း ယင်လုံရေအိမ်မရှိသည့် အိမ်ခြေ(၉၈)အိမ်ကို စာရင်းကောက်ယူပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယနေ့တွင် ကျန်းမာရေးပြုစုစောင့်ရှောက်မှုခံယူသူ ကျား(၈၄)ဦး၊ မ(၂၁၆)ဦး၊ စုစုပေါင်း(၃၀၀)ရှိခဲ့ပြီး နေအိမ်(၁၈၆)အိမ်ကို ကလိုရင်းဆေးမှုန့်များ ခပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပန်လုံ(ပြန်/ဆက်)