ဟားခါး ဇွန် ၂၄
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်၏ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု ယခုထက် ပိုမိုမြင့်မားစွာ ရရှိရေးအတွက် အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို စဉ်ဆက်မပြတ် အခမဲ့ ထိုးနှံပေးလျက်ရှိရာ ဦးတည်အုပ်စုများ အားလုံး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရှိသေးသည့် ကျောင်းသား/သူများနှင့် ပန်းခင်းစီမံချက်အရ အသက်(၁၆)နှစ်နှင့်အထက် ကျောင်းသား/သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ကိုဗစ်−၁၉ အသုံးစရိတ်များနှင့်ပတ်သက်၍ မြို့နယ်များမှ တင်ပြလာသည့် ကိုဗစ်−၁၉ အသုံးစရိတ်များ ထုတ်ပေးနိုင်ရေးနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်မှု၊ ၂၁-၆-၂၀၂၂ ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက်နှင့် အသက်(၅)နှစ်မှ အသက်(၁၂)အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ၊ မြိုနယ်အလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်မှု၊ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆက်လက်တင်ပြကြသည်။
ယင်းနောက် စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများအား အစဉ်တစိုက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက် ပေးနေမှုနှင့် ဌာနဆိုင်ရာများမှ အုပ်ချုပ်၊ ထောက်ပံ့ရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန် လိုအပ်မှုတို့နှင့် အကြံပြုဆွေးနွေးကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က အခြေခံပညာ ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခြင်ဆေးဖြန်းရန် လိုအပ်မှုနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တစ်မြို့နယ်ချင်းအလိုက် သုံးသပ်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)