ထားဝယ်မြို့က ငါးဘာသာဂုဏ်ထူးရှင် မနန္ဒာလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ထားဝယ် ဇွန် ၂၃

မေး။   ညီမရဲ့အမည်၊ ရရှိခဲ့သောဂုဏ်ထူးဘာသာရပ်နှင့် သင်ကြားခဲ့ရသော‌ကျောင်းကိုသိပါရစေ။

ဖြေ။ မင်္ဂလာပါရှင်၊ ကျွန်မကတော့ မနန္ဒာလင်းဖြစ်ပါတယ်ရှင်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်ရှင်၊ ရရှိခဲ့တဲ့ဘာသာကတော့ မြန်မာ၊ သင်္ချာ၊ ဓာတု၊ ရူပဗေဒ နှင့် ဇီဝဗေဒ ဘာသာရပ်ဖြစ်ပါတယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှာ Grade-3 မှ တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါတယ်ရှင်။

မေး။ အခုနှစ်တက္ကသိုလ်ဝင်တန်းဖြေမယ့်သူ‌တွေကိုရော ဘယ်လိုအားပေးစကား ပြောကြားချင်လဲ။ ရင်တွင်းစကားသံလေးကိုလည်း ကြားသိပါရစေ။

ဖြေ။ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး လိုရာပန်းတိုင်ကိုရောက်အောင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်၊ အခုလိုမျိုး(၅)ဘာသာဂူဏ်ထူးရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်၊ သင်ကြားပြသပေးတဲ့ ဆရာကြီးနှင့်တကွ ဆရာ/ဆရာမများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်၊ သမီးကို လိုလေသေးမရှိအောင်ကူညီပံ့ပိုးပေးသော ဖေဖေနဲ့မေမေကိုလည်းဘဲ ကျေးဇူးတင်ပါတယ်၊ နောင်လာမယ့် မောင်လေး၊ ညီမလေးတွေကိုလည်း ဘာသာစုံဂုဏ်ထူးထွက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်တယ်ရှင်။

မေး။ ငါးဘာသာဂုဏ်ထူးထွက်အောင် ကြိုးစားအားထုတ်သင်ယူခဲ့ရမှုအပိုင်းကိုလည်း သိပါရစေ။

ဖြေ။ တစ်နေ့စာကို တစ်နေ့ပြီးပြတ်အောင်လုပ်ဖြစ်ပါတယ်ရှင်၊ ပြီးတော့ ဘာသာရပ်တိုင်းကို နားလည်အောင်ကြိုးစားတယ်၊ နားမလည်တာရှိရင် ဆရာ/ဆရာမတွေကို ချက်ချင်းမေးမြန်းပါ တယ်ရှင်၊ စာစီစာကုံးနဲ့အဆိုကိုလည်း တစ်ပတ်ကို တစ်ပုဒ်နှုန်း လေ့ကျင့်ဖြစ်ပါတယ်ရှင်၊ Essay နဲ့ Letter ကိုလည်းပဲ အချိန်အားရင်အားသလို အမြဲတမ်းလေ့ကျင့်ဖြစ်ပါတယ်၊ စာမေးပွဲဖြေခါနီး တစ်လအလိုမှာ သင်ခန်းစာတွေအားလုံး ပြီးပြတ်နေပြီးဖြစ်ပါတယ်ရှင်၊ တစ်လကတော့ Revision ပြန်လုပ်ဖြစ်တယ်၊ ဒါကြောင့် ဘာသာရပ်တိုင်းကို အခက်အခဲမရှိဘဲနဲ့ ဖြေဆိုနိုင်ခဲ့ပါတယ်ရှင်။

မေး။ အနာဂတ်ရည်မှန်းချက်ကိုလည်း သိပါရစေ။

ဖြေ။ သမီးရဲ့အနာဂတ်မျှော်မှန်းချက်ကတော့ အထူးကုဆရာဝန်ကြီးဖြစ်ချင်ပါတယ်ရှင်၊ အခုလို မျိုးဖြေကြားခွင့်ရတဲ့အတွက်လည်း အရမ်းပဲကျေးဇူးတင်မိပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

တွေ့ဆုံမေးမြန်း-ကေကေအယ်လ်