ဘားအံ ဇွန် ၂၃
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ညွှန်ကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က စီးပွားရေးဆိုင်ရာစာချုပ်စာတမ်းများ ပြုလုပ်နေရသော ဥပဒေအရာရှိများက စာချုပ်၊ စာတမ်းများ ချုပ်ဆိုရာတွင် လိုက်နာရမည့်လမ်းညွှန်ချက်များကို ပိုမိုနားလည်ရမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သော တရားစွဲနှင့်အမှုလိုက်လုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဥပဒေအရာရှိ ဦးထိန်လင်းကျော်က ဥပဒေရုံးအဆင့်ဆင့် အရာထမ်း၊ အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်မားရေးအတွက် သင်တန်းများပို့ချစေလိုကြောင်း၊ အကြံပေးခြင်းလုပ်ငန်း၊ အမှုလိုက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ တွေ့ကြုံနိုင်သည့်အခက်အခဲများကိုလည်းကောင်း၊ ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဥပဒေအရာရှိများက ခရိုင်နှင့်မြို့နယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)