မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့

ဘားအံ ဇွန် ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်တိုးတက်လာမှုအခြေအနေ၊ ပညာရေးပြုပြင်ပြောင်းလဲမှုအခြေအနေ၊ ပညာရေးကဏ္ဍမြင့်မားရေးကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် KG တန်းမှ Grade-11 ထိ ပုံနှိပ်စာအုပ် ၅၆၃၈ စုံ၊ ကျောင်းသုံးဗလာစာအုပ် ၅၀၀ ဒါဇင်ကို ထောက်ပံ့ပေးအပ်ရာ မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီဥက္ကဋ္ဌ နော်ဆာအယ်စေးဖိုးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာရွှေ့ပြောင်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးဆိုင်ရာအရေးကိစ္စများကို အချိန်မရွေးတင်ပြနိုင်ပြီး လိုအပ်သည်များကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရည်ထူးချွန်၍ အနာဂတ်တွင် တိုးတက်ကြီးပွားပြီး နိုင်ငံတော်မှအားထားရသည့် လူရည်ချွန်များဖြစ်ကြစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)