ထားဝယ်မြို့တွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းဖွင့်လှစ်

ထားဝယ် ဇွန် ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး ဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက ဌာနယာဉ်မောင်း စစ်ဆေးရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ထားဝယ်) မှ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်က မိမိတို့ဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့‌ဆောင်ရွက်နေသောဌာန ဖြစ်သောကြောင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဌာနနှင့်ပြည်သူလူထုအကြား နှစ်ဦးနှစ်ဖက် နားလည်မှုတစ်ရပ်ဖြစ်ထွန်းစေရန်နှင့် ပြည်သူလူထုအားထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဝန်ထမ်များအနေဖြင့် ပြည်သူ့ဆက်ဆံရေးကိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်အတွက် သင်တန်းမှ ပို့ချပေးသော ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို သေချာစွာလေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်း က ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations) သည် ပြည်သူများအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ပြည်သူ့ဆက်ဆံရေး (PR) ၏ အဓိပ္ပာယ်ကိုသိရှိပြီး ပြည်သူကိုဗဟိုပြုသော ဝန်ဆောင်မှုလုပ်ငန်း များကိုလည်းသိရှိထားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းများကို နားလည်လိုက်နာကျင့်သုံးပါက ပြည်သူနှင့် ထိတွေ့သည့်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များသည် Social Media များကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း သန်းပေါင်းများစွာသော ပြည်သူများသည် Social Media အား နေ့စဉ်သုံးစွဲလျက်ရှိနေပြီး နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှ တစ်ဆင့် ဆက်သွယ်ပြောဆိုလျက်ရှိသည်ကို တွေ့ရကြောင်း၊ ပြည်သူ့ဆက်ဆံရေး၏ ဘာသာရပ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ (ထားဝယ်) မှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူများအား ဇွန် (၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)