မျိုးစေ့လုံလောက်မှုရှိစေရန်နှင့် မျိုးစေ့ထုတ်နည်းပညာပေးရန် သာစည်မြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်ဧက ၂၅၀ စိုက်ပျိုးထား

သာစည် ဇွန် ၁၇

စိုက်ပျိုးရာသီတွင်မျိုးစေ့လုံလောက်မှုရှိစေရန်နှင့် တောင်သူများ မျိုးသန့်မျိုးစေ့ထုတ်နည်းပညာရရှိပြီး   မျိုးစေ့ထုတ်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ပိုမိုအကျိုးဖြစ်ခွန်းစေရန်  သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများပူးပေါင်း၍ မြို့နယ်အတွင်း၌မိုးနေကြာမျိုးစေ့ထုတ် ဧက ၂၅၀ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မိုးနေကြာမျိုးစေ့ထုတ်ဧက ၂၅၀ ကို စိုက်ပျိုးရတဲ့ရည်ရွယ်ချက်ကတော့ နေကြာစိုက်ပျိုးတဲ့ရာသီမှာ မျိုးစေ့လုံလောက်မှုရှိဖို့နဲ့  တောင်သူတွေမျိုးသန့်မျိုးစေ့ထုတ်နည်းပညာရရှိဖို့ပါ မျိုးစေ့ထုတ်နည်းပညာရပြီး မျိုးစေ့ကိုကိုယ်တိုင်ထုတ်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ပိုမိုအကျိုးရှိစေဖို့ဖြစ်ပါတယ် စိုက်တာကတော့  ကျေးရွာအုပ်စု ၇  အုပ်စုက တောင်သူ ၉၃ ဦးနဲ့စိုက်ပျိုးထားပြီး  ဆည်ရေသောက်ဧရိယာ မှာ ဧက ၈၀ ၊ မိုးကောင်းသောက်ဧရိယာမှာ ဧက ၁၇၀ စိုက်ပျိုးထားပါတယ်မျိုးကတော့ ရေဆင်းစပ်မျိုး(၁)နှင့် ဆင်းရွှေကြာ(၂)မျိုးများဖြစ်ကြောင်း” စိုက်ပျိုးရခြင်းရည်ရွယ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုများကို    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ယာယီတာဝန်ခံဦးအောင်ကျော်စိုးက ပြောသည်။

အဆိုပါ  မိုးနေကြာမျိုးစေ့ထုတ် ဧက ၂၅၀  စိုက်ပျိုးဆောင်ရွက်ထားရာကွင်းများသို့   မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာလင်းနှင့် ဒုတိယခရိုင်ဦးစီးမှူးဒေါ်မိုးမိုးငွေတို့က ကွင်းဆင်းကြည့်ရှုပြီး  ဝန်ထမ်းများတောင်သူများနှင့်တွေဆုံပြီး   လိုအပ်သည်များ လမ်းညွှန်ကာ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)