တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ    ဇွန်    ၁၇

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကွင်းဆင်းပြတ်တောက်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန) စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ပါးစပ်/နှာခေါင်းစည်း ( Mask )များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာနိုင်ကြစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေးဝယ် ပြုလုပ်ကြရာတွင်  နှာခေါင်းစည်း ( Mask ) နှင့် မျက်နှာကာ (Face shield)များ တပ်ဆင် ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့် တစ်ဦး ()ပေအကွာမှ ပြောဆိုဆက်ဆံ/ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်စသည်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါနှင့် စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) တပ်ဆင်သည့် အမူအကျင့်များ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်