တံတားဦး စက်တင်ဘာ ၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ Community Based Facility Quarantine (၂၁)ရက်ကြာ ထားရှိ စောင့်ကြည့်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ကြောင်းသိရသည် ။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တံတားဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းက အားပေး စကားပြောကြားရာတွင် မိမိတို့သည် (၂၁)ရက်ကြာ ထားရှိစောင့်ကြည့် သူများ ဖြစ်သည်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ၊ ညွှန်ကြားချက် များကို စနစ်တကျလိုက်နာကြရန်လိုကြောင်း ၊ ဒါ့အပြင် ကျန်းမာရေးအတွက် အာဟာရပြည့်ဝသော အစားအစာများ စားသောက်ကြရန် ၊ မိမိနေထိုင်သည့် ပတ်ဝန်းကျင် ကိုလည်း နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ရန် ၊ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စနစ်တကျခံယူကြရန်လိုကြောင်း ပြောကြားသည် ။
တံတားဦးမြို့နယ်အနေဖြင့် (၂၁)ရက်ကြာ ထားရှိ စောင့်ကြည့်သူ (၁၀)ဦးရှိပြီး အင်းကူးကျေးရွာ အုပ်စု ဇီးတောကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် အမျိုးသား(၈)ဦး ၊ အ.ထ.က- တံတားဦးတွင် အမျိုးသား(၁)ဦး ၊ ဘေးလုံဘုန်းတော် ကြီး ကျောင်းတွင် အမျိုးသား(၁)ဦး ထားရှိပါကြောင်း Community Based Facility Quarantine(၂၁)ရက်ကြာ ထားရှိစောင့်ကြည့်သူ(၁)ဦးလျှင် ဆန်(၆)ပြည် ၊ ခေါက်ဆွဲ ခြောက်(၁၀)ထုပ် ၊ ကော်ဖီမစ်(၁၀)ထုပ် ၊ နှာခေါင်းစည်း(၁၀)ခုနှင့် စတီးသောက်ရေခွက်(၁)လုံးစီတို့အား ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည် ။
ရဲတင့်