မလှိုင် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီလ၊ မေလ၊ ဇွန်လ)အတွက် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွားများအား ယနေ့နံနက်(၇) နာရီအချိန်မှစတင်၍ အမျိုးသားလူမှုရေးပင်စင်များ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး အဆိုပါကျေးရွာများတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၃၉၈)ဦး၊ အဘွား (၇၈၇)ဦး၊ စုစုပေါင်း (၁၁၈၅)ဦးနေထိုင်လျက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သုံးလပတ်အလိုက် (၁)လလျှင် ငွေကျပ်(၁)သောင်းနှုန်းဖြင့် အမျိုးသားလူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေသွေး၊ မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့တို့သည် အဘိုး၊အဘွားလက်ဝယ်သို့ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ အဘိုးဦးမန်း အသက်(၁၁၃)နှစ်၊ ရွာသစ်ကျေးရွာနေ အဘွားဒေါ်သန်း အသက်(၁၁၄)နှစ်တို့သည် အသက်အရွယ်အကြီးဆုံးဖြစ်ပြီး စုစုပေါင်းငွေကျပ် (၃၅၅၅၀၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)