လှိုင်းဘွဲ၊ စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းကာကွယ်အသိပညာပေး ကြေညာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းကို USAID ၏ ပံ့ပိုးမှုဖြင့် WON KWN အဖွဲ့နှင့် အမျိုးသမီးအဖွဲ့များ ကွန်ယက်(ကရင်)တို့ ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်၍ ကိစ္စရပ်များ ပေါ်ပေါက်လာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ထွေ/အုပ်၊ တော်ဝင်သဇင်အမျိုးသမီးများအဖွဲ့၊ ထော်မဲပါ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ အားသစ်ရောင်ခြည်အဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့၊ အမျိုးသမီးအဖွဲ့များကွန်ယက်(ကရင်)၊ ကရင်အမျိုးသမီးများအဖွဲ့များတို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် အမျိုးသမီးအဖွဲ့အသီးသီး၏ ဖုန်းနံပါတ်များအား ကပ်ထားကြေညာခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အားလုံးကူညီဝိုင်းဝန်းပေးဆိုင်ဘုတ်ဖြင့် အသိပညာပေးကြေညာဆိုင်ဘုတ်စိုက်ထူခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမျိုးသမီးအဖွဲ့များကွန်ရက်ဥက္ကဋ္ဌ ဒေါ်ခရစ္စတီးနားထံမှသိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးကြေညာဆိုင်းဘုတ်စိုက်ထူခြင်းကို လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာ၊ လှိုင်းဘွဲမြို့မဈေးနှင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းဆုံတို့တွင် စိုက်ထူပေးခဲ့ပြီး တာဝန်ရှိသူအသီးသီးက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)