ဟားခါး ဇွန် ၁၇
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာနပ်ရိက္ခာထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ ဒီဂရီကောလိပ်ရှိ စားရိပ်သာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများဟာ မိမိတို့နိုင်ငံမှာရှိကြသည့် ကလေးသူငယ် များအား ပြုစုပျိုးထောင်ရေးလုပ်ငန်း ဆောင်ရွက်နေကြသူ များဖြစ်ကြောင်း၊ ယခုလို လုံခြုံရေးအခက်အခဲများကြားထဲက သင်တန်း တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းတက်ရောက်သည့် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားသည့် ပညာရပ်ကိုသာ အာရုံစိုက်သင်ကြားပြီး မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတော်၊ လူကောင်းများ မွေးထုတ်ပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ပါစေလို့ တိုက်တွန်းအားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်တို့က ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ကျပ် ၅၃၄၈၀၀၀ တန်ဖိုးရှိ ဆန် (၅၉) အိတ်၊ အာလူး၊ ကြက်သွန်နီ၊ ပဲနှင့် ဆား(၁၅၀) ပိဿာစီ၊ ကြက်ဥ (၅၀၀) လုံးနှင့် စားသုံးဆီ (၁၁၀) ပိဿာများကို ပေးအပ်ရာ ဟားခါးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်နှင့် နည်းပြများက လက်ခံရယူကြသည်။
ယင်းနောက် ဟားခါးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ယခုကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိမိတို့ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများကို ဂရုစိုက်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဟားခါးတပ်နယ် (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်တို့က ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးပညာရေးဒီဂရီကောလိပ်ရှိ တိုးချဲ့ဆောင်ရွက်ရန်လိုသည့် ဘောလုံးကွင်းမြေနေရာ၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး အဆောက်အဦများနှင့် (၄) နှစ်သင် ပညာရေးဘွဲ့အတွက် သင်တန်းသား၊ သင်တန်းသူ (၁၀၁) ဦးတို့၏ သင်တန်း တက်ရောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၏ နိုင်(၄) မှတ်တမ်းပါနိုင်ငံသားအမှတ်နှင့် အချက်အလက်များ Excel Format အတွင်း ရိုက်သွင်းခြင်း၊ Software အတွင်း ထည့်သွင်းခြင်းဆိုင်ရာနှင့် ပန်းခင်းစီမံချက်ဆောင်ရွက် ပြီးစီးမှုရှင်းလင်းတင်ပြ ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များကို နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ကြီးကြပ်မှုနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းမှုဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်ပေးသည့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအားလုံး ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး ချင်းပြည်နယ်၏ ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက် ကြစေလို ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က နိုင်(၄) ရိုက်သွင်းပြီးစီးမှုနှင့် Software အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်း ဆောင်ရွက်ပြီးစီးမှုနှင့် Upload တင်သွင်းပြီးစီးမှုအခြေအနေ၊ အသက် အပိုင်းအခြားအလိုက် လူဦးရေစာရင်းများနှင့် ချင်းပြည်နယ်၏ မြို့နယ် အလိုက် ပန်းခင်းစီမံချက် လျာထားချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံ များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များ ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)