နမ္မတူ ဇွန် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်လွဲ (၁)နာရီအချိန်က အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်က မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်ရမည်အချက်များအား ကျောင်းသား/ကျောင်းသူလေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဌာနမှထုတ်ဝေသည့် ဘေးအန္တရာယ် (၈)မျိုးဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)