နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း စက်တင်ဘာ ၇

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် အီဂျစ်နိုင်ငံမှလာရောက်သည့် MV.DONGBANG GIANT No,7 သင်္ဘောပေါ်မှ သင်္ဘောသား(၁၂)ဦး၊ ဆွီဒင်နိုင်ငံမှလာရောက်သည့် M.T SC PETREL သင်္ဘောပေါ်မှ သင်္ဘောသား (၈)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် MT KOTA RIA သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး၊ စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၂၉)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား.(၂၉)ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိ နေသည့် MV.DONGBANG GIANT No,7 သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်ဖြိုးပိုင် ပါ သင်္ဘောသား (၁၃)ဦး ၊ M.T SC PETREL သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမင်းသန်မိုး ပါ  သင်္ဘောသား (၇) ဦး၊ MT KOTA RIA သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးစည်သူအောင် ပါ  သင်္ဘောသား (၈)ဦး တို့ဖြင့်  တာဝန်လွဲပြောင်း ယူခဲ့သူများဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား.(၂၉)ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာ များအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)