လားရှိုး ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်က ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သော ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာရောဂါများ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးဆိုးကျိုးများအပြင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော မူးယစ်ဆေးဝါးကို ရှောင်ရှားကြစေရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစွာလာရောက်အသုံးပြုနိုင်ရန်နှင့် လူမှုကွန်ယက်မီဒီယာများအား အကျိုးရှိစွာအသုံးပြုတတ်စေရန် ဆွေးနွေးဟောပြော ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး