၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ မိုးကောင်းမြို့နယ်၌ ၅၁ ရာခိုင်နှုန်းရှိ

မိုးကောင်း ဇွန် ၁၇

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဒေသအသီးသီး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ဇွန်(၁၇)ရက်တွင် သက်ဆိုင်ရာပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့တွင် ထုတ်ပြန်ထားပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၂) မိုးကောင်း၊ အ.ထ.က-နမ္မတီးနှင့် အ.ထ.က-ပင်းဘော ကျောင်းတို့တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်း ထုတ်ပြန်ထားပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စာရင်းရှိ (၁၁၅၉)ဦးမှ ဖြေဆိုသူ (၁၀၉၀)ဦးအနက် (၅၅၂)ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၅၁)%ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်စာရင်း ထုတ်ပြန်ချက်တွင် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၈၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၇၈)ဦးရှိပြီး မြန်မာစာ (၂၉)ဦး၊ သင်္ချာ (၂)ဦး၊ ဓါတု (၁၈)ဦး၊ ရူပ (၇)ဦး၊ ဇီဝ (၅၅)ဦး၊ ပထဝီဝင် (၅၀)ဦး၊ သမိုင်း (၇၂)ဦးနှင့် ဘောဂဗေဒ (၁၆၈)ဦး ဂုဏ်ထူးအသီးသီး ထွက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)