တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

တိုက်ကြီး စက်တင်ဘာ ၇

တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးကို ယမန့်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းစိုးက မဲဆွယ်စည်းရုံး ရာတွင် ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဆက်လက်၍ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ညွန်ကြား ချက်အမှတ် ၁/၂၀၁၄ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဦးသန်းထွန်းအောင်မှ ရှင်းလင်းဆွေးနွေး ခဲ့သည်။ ထို့နောက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် တားမြစ်ချက်များအား မြို့နယ် ရွေးကောက်ပွဲအဖွဲ့ဝင် ဦးအောင်သိန်းဦးမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို တက်ရောက် လာကြသော ပါတီအသီးသီးမှ ကိုယ်စားလှယ်များက မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သိရှိလိုသည်များ ကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီ(၁၁)ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၉)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ် (၇)ဦး၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် (၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ တိုက်ကြီးမြို့နယ်တွင် မဲရုံပေါင်း(၂၁၆)ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း (၂၀၉၄၄၃) တို့ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)