ဒဂုံမြောက် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း စီမံကိန်းရေးဆွဲ ရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက “မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘက်ဂျက်၊ တိုင်းဒေသကြီးဘက်ဂျက်၊ အထွေထွေရန်ပုံငွေ၊ ဖြည့်စွက် ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဆောင်ရွက်နိုင်ခြင်း မရှိပါက လုပ်ငန်းများပြန်လည်အပ်နှံပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ရန် တို့ကို ရှင်းလင်းဆွေးနွေးပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ အား အမြန်ပြီးစီးရေး ဆောင်ရွက်သွားရန်” တို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများပြီးစီးမှုနှင့် ကျန်ရှိသည့်လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ မြို့နယ်အတွင်း လမ်းတံတားလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ဌာန ဆိုင်ရာများမှ မိမိတို့ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)