မန္တလေး စက်တင်ဘာ ၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သော အမိန့်အမှတ် (၃၀/၂၀၂၀)အား ပြည်သူများသိရှိလိုက်နာစေရေးအတွက် ယမန်နေ့ ညနေ ၅နာရီခွဲခန့်ကစတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည့် အမိန့်အမှတ် (၃၀/၂၀၂၀)မှာ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ပသို့သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများသိရှိလိုက်နာရန် အသိပေးကြေညာချက်ဖြစ်ပြီး အဆိုပါ ကြေညာချက်ပါအချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာပေးကြသလို ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံများမှလည်း အသံချဲ့စက်များဖြင့် အသိပေးကြေညာကြသည်။
အဆိုပါ အသိပေးကြေညာချက်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ထပ်အမိန့် တစ်စုံတစ်ရာမထုတ်ပြန်မီအချိန်အထိ အတည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)