မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန် မဲရုံများကို ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ စက်တင်ဘာ ၇

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မဲရုံများတွင် အဆိုင်းခွဲ ဆောင်ရွက် ရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်​ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ က မဲရုံအဖြစ် ဆောင်ရွက်မည့် (ဌ)ရပ်ကွက်၊ အ.လ.က(၇)ကျောင်းသို့ ကွင်းဆင်းခဲ့ပြီး ဆောင်ရွက် ရမည့် အခြေအနေများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအား လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် မြို့နယ်တွင် မဲရုံပေါင်း(၂၃၈)ရုံ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ပါတီ(၆)ခု၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အတွက် ပါတီ(၇)ခု၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) အတွက် ပါတီ(၈)ခု၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)အတွက် ပါတီ(၇)ခု၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် ကရင်တိုင်းရင်းသား လူမျိုးအတွက် ပါတီ(၇)ခု၊ ရခိုင်တိုင်ရင်းသား လူမျိုးအတွက် ပါတီ(၆)ခုတို့မှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအရ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း(၂၅၀၁၂၃)ဦးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြမြဝင်း (ပြန်/ဆက်)