ကွမ်းခြံကုန်း စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်သူလူထုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား နှိုးဆော်အသိပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး မြို့အဝင်ဂိတ်များတွင်လည်း ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း (mask) တပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်း၊ ခရီးသွားရာဇဝင်နှင့် နေရပ်လိပ်စာများ၊ ထောက်ခံစာများ စစ်ဆေးခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ အဝင်ဒေးဒရဲတံတားအဆင်း အင်္ဂပူကျေးရွာဂိတ်တွင် စစ်ဆေးရေးဂိတ် ဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်း ဒလမြို့နှင့် လှိုင်သာယာမြို့များသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်များအား ရပ်တန့်၍ ခရီးသည်တိုင်း နှာခေါင်းစည်း (mask)တပ်ဆင်ရန် ခရီးသွားမည့်နေရာနှင့် နေရပ်လိပ်စာ၊ ထောက်ခံစာများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ပြည်တွင်းကူးစက်မှုများရှိလာသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းများကိုဆောင်ရွက်ခဲ့သည်။
မြို့အဝင်ဂိတ်စစ်ဆေးဆောင်ရွက်မှုသို့ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ်အလှည့်ကျ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)