ဒေါ့ဖုန်းယန်မြို့၌ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေါ့ဖုန်းယန် ဇွန် ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (Women Club) အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့် “ကင်ဆာဘေးဝေးကြစေ” စာအုပ်မှ “ကားထဲရှိပလတ်စတစ် သောက်ရေသန့်ဘူးများက ရင်သားကင်ဆာ ဖြစ်စေနိုင်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အိအိခင်(အငယ်တန်းစာရေး)က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားပြီး (Women Club) အဖွဲ့ဝင် ဒေါ်ခင်သန္တာမောင်က ပလတ်စတစ်မှ ထွက်ရှိလာသော dioxins များက အပူချိန်နှင့်အတူ အစားအစာထဲရှိ အဆီများနှင့် ဓာတ်ပြုကာ ကင်ဆာဖြစ်စေကြောင်းနှင့် ဟင်းခွက်ပူပူများကိုလည်း ပလတ်စတစ်အဖုံး မဖုံးသင့်ကြောင်း စသည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ ဒေါ်မေသဇင်စိုး(စာပေဝါသနာရှင်)က စားသောက်ဆိုင် များမှာ သုံးလေ့ရှိသော styrene(ခေါ်) ရေမြှုပ်ရာဘာဘူးခွံများကို ပလပ်စတစ်ပြုလုပ်ရာတွင် သုံးသည့် ဟိုက်ဒရိုကာ ဘွန်အရည်တစ်မျိုးဖြင့် အသုံးပြုထားသဖြင့် ၄င်းရေမြှုပ်ရာဘာ ဘူးခွံများထဲမှာ အစားအစာ ပူပူထည့်၍ သယ်ဆောင်ခြင်းကလည်း ကင်ဆာရောဂါဖြစ်ကြောင်း စသည့်အကြောင်းအရာများဖြင့် မိမိတို့ ဖတ်ရှု လေ့လာနားလည်မှုများအား အသိပညာဗဟုသုတများမျှဝေနိုင်ရန် အပြန်အလှန်ဆွေးနွေးရှင်းလင်းခြင်း လူငယ်များ စာဖတ်သည့် အလေ့အ ထကောင်းများ ရရှိစေရန်နှင့် စာဖတ်သည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

သန်းနိုင်စိုး