ကျောက်ပန်းတောင်းမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့်ဆောင်ရွက်ခဲ့ပြီးသော အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်

ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက်၊ မဲစာရင်းတွင် ပါဝင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အဆိုပါဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များကို မြို့နယ်တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ကွင်းဆင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းနှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးဌေးအောင်တို့သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားဖြစ်ထိုက်သူများကို  လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် တိုက်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခဲ့ကြကြောင်းသိရပြီး၊ အဆိုပါအဖွဲ့အနေဖြင့် လွတ်လပ် ရေးရပ်ကွက်မှ (၆၄) ဦး၊ ဘူတာရပ်ကွက်မှ (၂၈) ဦး၊ တမ္ပဝတီရပ်ကွက်မှ (၂၆) ဦး၊ ပြည်တော်သာရပ်ကွက်မှ (၆၈) ဦး၊ နှစ်ကျပ်ခွဲကျေးရွာမှ (၅၉) ဦး၊ ရွာမကျေးရွာမှ (၂၀) ဦးနှင့် ဝက်ကြီးကန်ကျေးရွာမှ (၄၃) ဦး၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ရရှိသူ (၃၀၈) ဦးတို့ထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)