နမ့်ဆန်မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လမ်းဆုံလမ်းခွနေရာတွင် Mask Box တပ်ဆင်ပေး

နမ့်ဆန်  စက်တင်ဘာ ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်လျှပ်စစ်ရုံး (AE) ဦးရဲဝင်းက ဦးဆောင်၍ လျှပ်စစ်ရုံးဝန်ထမ်းများတို့က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ယနေ့နံနက် (၁၀)နာရီခန့်က မြို့အဝင် လမ်းဆုံလမ်းခွ နေရာများတွင်  Mask Box များကိုတပ်ဆင်ပေးထားပြီး လိုအပ်သော ပြည်သူများအသုံးပြုနိုင်ရန် ကုသိုလ်ပြုလှူဒါန်းမှုအစီအစဉ်လေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

Mask Box များတပ်ဆင်ထားသည့် နေရာများမှာ မင်္ဂလာရပ်ကွက်ပြည်သူ့ဆေးရုံရှေ့ လမ်းခွ၊ မင်္ဂလာရပ်ကွက် နယ်မြေ(၄) ဒေါ်ငွေသိမ်း ထမင်းဆိုင်ရှေ့လမ်းဆုံ၊ မိုးဂဲလ်ရပ်ကွက် ရွှေပြည်စိုး လက်ဖက်စက်ရုံလမ်းခွဲ၊ နမ္မဝေါ ရပ်ကွက် Boss  လက်ဖက်ရည်ဆိုင် နမ့်ဆန်-မိုင်းငေါ့ လမ်းဆုံနှင့် တပ်မတော်လက်ဖက်ခြောက် စက်ရုံ လမ်းခွဲ (၅)နေရာတွင် တပ်ဆင်ပေးထားကြောင်းသိရသည်။ အဆိုပါ Mask Box တစ်လုံးထဲတွင် mask အလုံးရေ (၅၀)ခန့်ထည့်ထားပေးပြီး ကျေးရွာမှမြို့ထဲသို့ ဈေးဝယ်လာကြသည့် ပြည်သူများ၊  လမ်းသွားလမ်းလာပြည်သူများ အခမဲ့ ယူသုံးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပြီး Mask Box ထဲတွင် Mask ကုန်သွားပါက ပြန်လည်ဖြည့်ပေးထားမှာ ဖြစ်ကြောင်းနှင့်  mask Box ထဲကို mask လှူဒါန်းလိုသော အလှူရှင်များ ရှိပါကလည်း လှူဒါန်းပေးနိုင်ကြောင်း မြို့နယ်လျှပ်စစ်ရုံးထံမှ သိရသည်။

ကိုအောင်မိုး -ရွှေဖီမြေ

Photo- kyawSiThuAung (လျှပ်စစ်ရုံး)