ကော့မှူးတွင်ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီနှင့်ကြက်ဥများ လာရောက်ရောင်းချပေး

ကော့မှူး ဇွန် ၁၆

ပြည်သူများအမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ယနေနံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့်ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးနေကြောင်းသိရသည်။

ထိုသို့ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထတစ်ပြည်လျှင်ငွေကျပ် ၁၀၀၀/- ၊ ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ဆန်အိတ်(၁၀၀)အိတ်အားလည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင်ငွေကျပ် ၁၇၀၀/-၊ ဆန်ငါးပြည်တစ်အိတ်ကိုငွေကျပ်(၈၅၀၀)ဖြင့် ဆန်အိတ်(၁၀၀)အိတ်အားလည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးကိုငွေကျပ်၂၉၀၀/-နှုန်းဖြင့် ဆီ(၄၀၀)ဘူးတို့အားလည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ၁၇၀၀/-နှုန်းဖြင့် ကြက်ဥကတ်(၅၀)ကတ်တို့အား လာရောက်ရောင်းချပေးခဲ့ကြသည်။  

ဆက်လက်၍ဈေးလာဝယ်သူ ဒေါ်မြင့်အေးက အခြေခံစားသောက်ကုန်ပစ္စည်းများအား လာရောက်ရောင်းချပေးရန် စီစဉ်ပေးသူများ‌၊ လာရောက်ရောင်းချပေးသူများကို ကျေးဇူးတင်ပါကြောင်း၊ ဈေးကားဖြင့်လာရောက်ရောင်းချပေးသည့်အတွက် မြို့နယ်နေပြည်သူများအတွက် အရမ်းအဆင်ပြေမှုရှိကြောင်း ဈေးနှုန်းကလည်းအပြင်ကထက် များစွာသက်သာသည့်အတွက်‌ နောင်လည်းယခုလိုလာ‌ရောက်ရောင်း‌ ပေးစေလိုကြောင်းပြောကြားခဲ့သည်။

ကျော်သူရ