ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဇွန် ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆမားဒူးဝါးရပ်ကွက်ရှိ အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းမှ ကြီးကြပ်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူ ၂၅၆၅ ဦးအား ကာကွယ်ဆေး ထိုးနှံပြီးစီး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(IPRD)