သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများထုတ်ပေး

သရက်ချောင်း ဇွန် ၁၆ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ ချောင်းဝပြင်ကျေးရွာမှ တောင်သူ (၈၄) ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် ဧက (၃၈၂) ဧကအတွက် ချေးငွေကျပ် (၅၇၃) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း လျာထားကျေးရွာ (၆) ရွာ အနက်ကျေးရွာ (၃) ရွာကို ထုတ်ချေးပေးခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသည့်ကျေးရွာများကို ဆက်လက် ထုတ်ချေးပေးရန် စီစဉ်ထား ရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်အေးသီတာထံမှ သိရသည်။

သားကြီး (သရက်ချောင်း)