ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဝါသနာတူကလပ်အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကျောက်တန်း ဇွန်  ၁၆

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူဒေါက်တာသာထွန်းဦး ရေးသားထားသည့် “ခေါင်းဆောင်လက်စွဲ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်အတွက် စာဖတ်ဝိုင်းများကို မြို့နယ်အသီးသီးရှိသော ပြန်/ဆက်ဦးစီးဌာနများအနေဖြင့် လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး Book Club အသင်းအဖွဲ့ဝင် မမေသူလွင် “အကြံဉာဏ်သစ်များကိုလက်ခံရန်အသင့်ရှိပါစေ”၊ Book Club အဖွဲ့ဝင် မနော်လဲ့လဲ့ဇော်က “တာဝန်ယူတတ်ပါစေ” စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)