မိုင်းယန်း ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေးအတွက် မူးယစ်ဆေးကြောင့်ရရှိနိုင်သည့် ဆိုးကျိုးများအကြောင်းနှင့် ဥပဒေအရ အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို အသိပညာပေးပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး