ညောင်ဦးမြို့ အဝင်အထွက်စစ်ဆေး‌ရေးဂိတ်များတွင် အလိုအလျောက်အပူချိန်တိုင်းစက်ဖြင့် စစ်ဆေးဆောင်ရွက်နေ

ညောင်ဦး  စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် Ther–mo Screen အလို အလျောက်အပူချိန်တိုင်း စက်တပ်ဆင်စစ်ဆေးခြင်းများအား စက်တင်ဘာ ၅ ရက်နေ့မှ စတင်တပ်ဆင်ကာ ညောင်ဦးမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများစတင်စစ်ဆေးအသုံးပြုနေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း (ခရိုင်အုပ်ချုပ်ရေးမှူး) ထံက သိရသည်။

ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်ကာ ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသူများအား မြတ်နိုးသူတိုးဂိတ်တွင် Thermo Screen အလိုအလျောက်အပူချိန်တိုင်း စက်တစ်လုံးတပ်ဆင်စစ်ဆေးနေခြင်း၊ ချောက်မြို့နယ်ဘက်မှဝင်ရောက် လာသူများအား လောကနန္ဒာမြစ်ရေတင်ဂိတ်တွင် Thermo Screen အလိုအလျောက်အပူချိန်တိုင်းစက်တစ်လုံး တပ်ဆင်စစ်ဆေးနေခြင်း၊ မြင်းခြံမြို့၊ ပခုက္ကူမြို့ဘက်မှ ဝင်ရောက်လာသူများအား အလို အလျောက်အပူချိန်စစ်ဆေးနိုင်သည့် Thermo Screen စက်တပ်ဆင်ထားရှိစစ်ဆေးနေကြောင်း ညောင်ဦး ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောသည်။ အဆိုပါ Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်အသုံးပြုခြင်းဖြင့်  CCTV ကင်မရာရှေ့ တစ်ယောက်ချင်းတန်းစီသွားရုံဖြင့် စောင့်ကြည့်တီဗီပေါ်တွင် အပူချိန်အလိုအလျောက်တိုင်းပြီးသားဖြစ်ကာ ပုံရိပ်ဖမ်းယူထားရှိ မှတ်တမ်းတင်ထားကြောင်း၊  Mask မတပ်ဆင်ထားပါကလည်း ဖန်သားပြင်တွင် စစ်ဆေးတွေ့ရှိနိုင်ခြင်း အားသာချက်များရှိကာ စစ်ဆေးသည့်လူနှင့် တိုက်ရိုက်ထိတွေ့မှုမရှိခြင်းက အားသာချက်ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်း(မြို့နယ် အုပ်ချုပ်ရေးမှူး)က ရှင်းပြသည်၊၊

ညောင်ဦးမြို့သို့ဝင်ရောက်လာသည့် ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များအား နံပါတ်မှတ်တမ်းယူထားခြင်း၊ တယ်လီဖုန်းနံပါတ်မှတ်တမ်းယူခြင်းနှင့် လာရောက်သည့်နေရပ်လိပ်စာ မှတ်တမ်းထားခြင်းများအား ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်ကျနေ့ရက်များတွင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

ညောင်ဦးမြို့သို့ ကိုဗစ်-၁၉ ရောဂါတွေ့ရှိနေသည့်မြို့မှလာရောက်ပါက ညောင်ဦးခရိုင်/မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ စီစဉ်ထားရှိသည့် Community Base Facility Quarantine Centre များတွင်၂၁ ရက် ဝင်ရောက်ရမည်ဖြစ်ကာ မိမိတို့အစီအစဉ်ဖြင့် ဟိုတယ်များတွင် Quarantine ဝင်ရောက်လိုပါက မိမိစရိတ်ဖြင့်ဝင်ရောက်နိုင်ကြောင်း ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံက သိရသည်။

ကိုထိန်၊KPD