ပင်းတယ ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့တို့နှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေသဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥပဒေရုံး၊ ဥပဒေအရာရှိ ဦးတင်မောင်မောင်ကျော်မှ မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားပေးပြီး ဒေသဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဆန်းမှ ဒေသအတွင်းဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှုများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပေးခြင်း၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စန်းဝင်းက ဆွေးနွေးခြင်း၊ ပင်းတယမြို့နယ် ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့မှ ပင်းတယမြို့နယ်အတွင်း ဓာတ်သတ္တုလုပ်ငန်းများနှင့်ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်နေမှုတို့အား တင်ပြ၍ တွေ့ဆုံပွဲတက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးဦးမြတ်ထွန်းဦးမှ နိဂုံးချုပ် အမှာစကားပြောကြားပေးခဲ့ကြောင်းနှင့် အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ ကျေးစာရေးနှင့် မြေတိုင်းစာရေးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယ (ပြန်/ဆက်)