လင်းခေး၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

လင်းခေး ဇွန်  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ခရိုင်အဆင့်အမျိုးသမီးကော်မတီအစည်းအဝေးကို လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လင်းခေးခရိုင်အမျိုးသမီးကော်မတီဥက္ကဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCEDAW) ကို (၁၉၉၇)ခုနှစ်မှာ လက်မှတ်ရေး ထိုးခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေများ ချမှတ်ပေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုတွင်လည်းကောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို ရေးဆွဲဆောင်ရွက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံတကာနှင့် ဒေသအတွင်း အမျိုးသမီးကိစ္စများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ခရိုင်အဆင့် အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများ ဘေးကင်းလုံခြုံစွာ ရပ်တည်နိုင်ရေး အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများပါမကျန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် ခရိုင်အဆင့်အမျိုးသမီးကော်မတီကို ခရိုင်အဆင့်ဌာနဆိုင်ရာများမှ (၁၂)ဦး၊ လူမှုရေး အသင်းအဖွဲ့များမှ(၅)ဦး၊ စုစုပေါင်း(၁၇)ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ တက်ရောက်လာကြသည့် ခရိုင်ကော်မတီဝင်များမှ ဆွေးနွေးအကြံပြု နိုင်ပါရန် ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး လင်းခေးခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ်နှင့် CBV Case များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်မှုများအား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်အသီးသီးမှ အကြံပြုဆွေးနွေးကြပြီး၊ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူးမှ ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်(၁၇)ဦး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများစုစုပေါင်း (၂၅) ဦးခန့်တက်ရောက်ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၂) ရပ် ချမှတ်ခဲ့ ကြောင်းနှင့် အစည်းအဝေးကို ညနေ (၃) နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

နန်းပြုံးရီ(လင်းခေး)