တံတားဦး၊ စက်တင်ဘာ ၇
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် Mask တပ်ဆင်၍ သွားလာခြင်းမရှိသည့် ပြည်သူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ်(၂)ရပ်ကွက် ဆုံကုန်းလမ်းဆုံ မီးပွိုင့်အနီး၌ ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်ကြကြောင်း သိရသည်။
တံတားဦးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် မြို့တွင်းလှုပ်ရှားသွားလာနေသူများကို Mask တပ်ဆင်အသုံးပြု၍သွားလာရန် နေ့စဉ်အသိပညာပး မော်တော်ယာဉ်ဖြင့် လှည့်လည်ပြီး ကြေညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် အပြင်ထွက်သည့်အခါတိုင်း Mask တပ်ဆင်၍ သွားလာကြရန်၊ အပြင်မှပြန်လာသည့်အခါ လက်ဆေးခြင်းများဆောင်ရွက်ကြရန်လိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက်မျာကိုလည်း စနစ်တကျလိုက်နာကြရန် စသည်တို့ကို ပညာပေးဟောပြောဆောင်ရွက်ပြီး Mask တပ်ဆင်၍ သွားလာခြင်းမရှိသူများကို ပညာပေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံတွင် Mask တစ်ခုကို ဒဏ် ငွေ (၅၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူစေခြင်းဖြင့် အဖွဲ့အစည်းများရှေ့တွင် တစ်ပါတည်းတပ်ဆင်စေပြီးမှသာ မိမိလိုရာခရီးသို့ ဆက်သွားလာခွင့်ပြုခဲ့ကြောင်း Mask တပ်ဆင်ရေးပညာပေးအဖွဲ့ဝင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်၏ ပြောကြားချက်အရ သိရသည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများအားလုံး အပြင်ထွက်သွားလာပါက Mask တပ်ဆင်ပြီးသွားလာကြရန် ရည်ရွယ်၍ ယခုလိုပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)